Wednesday, October 30, 2013

 

ကမ္ဘာ့ဆရာများနေ့ မှသည် မြန်မာ့ဆရာများ ဆီသို့

သတင်းရက်စွဲ: Monday, October 7, 2013 // ,
တာချီလိတ်မြို့နယ်တွင် ၅.၁၀.၂၀၁၃ ရက်နေ့၌ အစဉ်အလာအရ နှစ်စဉ်ကျင်းပ လာခဲ့သော ကမ္ဘာ့ဆရာများနေ့ကို အောင်မြတ်ခန်းမတွင် ကျင်းပခဲ့သည်ကို တွေ့မြင်ခဲ့ရပြီးနောက် ယခုဆောင်းပါးအား ရေးသားရခြင်းဖြစ်ပါကြောင်း ကနဦး တင်ပြလိုပါသည်။
နိုင်ငံတကာက အသိအမှတ်ပြုပြီး မြန်မာနိုင်ငံတွင်၂၀၀၂ ခုနှစ်မှစတင်ကာ ကျင်းပခဲ့သည်။ သို့သော် မြန်မာ့ဆရာများနေ့ဟူ၍ သတ်မှတ်ထားခြင်း မရှိသော်လည်း နေ့စဉ် အနန္တောအနန္တငါးပါးကို ရှိခိုးနေသော မြန်မာများအတွက် နေ့စဉ် ဆရာများနေ့ ဖြစ်နေကြောင်း တင်စားခြင်းကိုမူ သိရှိထားခဲ့ပါသည်။

ထို့ပြင်သီတင်းကျွတ်လတွင် မြန်မာ့ကျောင်းများတွင် အာစရိယမြတ်ဆရာ ပူဇော်ပွဲများကို ကျင်းပနေခြင်းဖြင့်လည်း အောက်တိုဘာလသည် ဆရာများ၏ လဟူ၍ ခေါ်ဆိုနိုင်ကြောင်း ဆရာသမားများ ပြောကြားခဲ့ဖူးသည်ကိုလည်း သတိရမိပါသည်။

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ကျင်းပသည့်နည်းတူ ကျွန်တော်တို့ မြန်မာ့ဆရာများသည်လည်း ဆရာ့ကျင့်ဝတ်သိက္ခာများနှင့်အညီ ပိုမိုကျင့်ကြံနေထိုင်ရန် ယခုကဲ့သို့ အခမ်းအနားများက မီးမောင်း ထိုးပြနေသည်ဟုလည်း ဆိုချင်ပါသည်။

ကမ္ဘာတွင် ဆရာကို တန်ဖိုးထားသကဲ့သို့ မြန်မာတွင် ဆရာကို တန်ဖိုးထားလျက်ရှိပါသည်။ သို့သော်လည်း
ပညာရေးဝန်ထမ်း ကျွန်တော်တို့ဆရာများ လိုက်နာရန်ကျင့်ဝတ်များကို ပြန်လည် စဉ်းစားဆင်ခြင်မိပြန်ပါသည်။

အခြေခံအားဖြင့် ခံယူရမည့် ဘာသာတရား၏ မိန့်ကြားချက်ဖြစ်သော ဆရာ့ဝတ်ဖြစ်သည့် အတတ်လည်း သင် ၊ ပဲ့ပြင်ဆုံးမ ၊သိပ္ပမချန်၊ ဘေးရန်ဆီးကာ ၊ သင်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာကို ပြန်လည် ခံယူမိပါသည်။

ကမ္ဘာ့ဆရာများနေ့တွင် တင်စားခဲ့သည့် လောကကို ပညာဖြင့် အလှဆင်သူ၊ သောကကို ကရုဏာဖြင့် ဖြေဖျောက်သူ၊ အများအကျိုးကို ကိုယ်ကျိုးစွန့်၍ ဆောင်ရွက်တတ်သူ ဆရာဟူ၏  ဟူသော ဆရာ့ဂုဏ်အင်ကို ပိုမို နားလည်စွာဖြင့် ဆက်လက်လျှောက်လှမ်းရန် သုံးသပ်ခံယူမိပါသည်။

ဆရာဟူသည် ပန်ပျိုးသူဖြစ်သည်။ ပန်းချိုးသူ မဟုတ်ကြောင်း၊ ပန်းပျိုးသူသည် ပန်းခင်းတစ်ခင်းလုံးကို ကြည့်လေ့ရှိသည်။ ပန်းချိုးသူသည် မိမိဆန္ဒနှင့်ယှဉ်သော ပန်းတစ်ပွင့်တည်းကိုသာ ကြည့်လေ့ရှိသည် ဟူသော မိန့်မှာချက်အရ ပန်းချိုးသူမဖြစ်စေရေး အတွက် ဆက်လက်၍ ပန်းမျိုးရာထောင် ပွင့်လန်းစေမည့် ဥယျာဉ်မှူးကောင်း ဖြစ်အောင် ဆက်လက်ဆောင်ရွက်မည်ဟူသော ခံယူချက်များကိုလည်း ပြန်လည်နှလုံးသွင်းမိပါသည်။ ဆင်းရဲချမ်းသာ လူမျိုးဘာသာမရွေး ကျောင်းသားကျောင်းသူများကို မိမိသားသမီးအရင်းအချာကဲ့သို့ ဂရုစိုက် ကြင်နာပေးရမည်ကိုလည်း ရင်မှာ ဆက်လက်ထွေးပိုက်မိပါသည်။


"တစ်တိုင်ဆီမီး ထွန်းညှိပြီးက
ဆီမီးထောင်ရာ ပွားများပါ"  
ဟူသော ကဗျာလေးကဲ့သို့ ကျင့်သုံးခံယူမိပါသည်။

မည်သို့ပင်ဖြစ်စေကာမူ  ချိုသာသော ခေါင်းလောင်းသံအား နေ့စဉ်နားထောင်လျက် အောင်မြင်မှု သရဖူဆောင်းနေသော တပည့်များကိုတွေ့မြင်၍ ရရှိသောပီတိများကို ထာဝရပွေ့ပိုက်ကာ ဘ၀အမောကိုဖြေဖျောက်၍ ကျွန်တော်သည်လည်း ပညာရေးဝန်ထမ်း ဆရာ့ဘ၀ကို ဆက်လက်ချီတက်သွားမည်ဖြစ်ပါကြောင်းတင်ပြရင်း  ၂၀၁၃ခု ကမ္ဘာ့ဆရာများနေ့ကို ဂုဏ်ပြုလျက် မြန်မာ့ဆရာ ညီအစ်ကိုမောင်နှမများအား  ကြားဖူးသော စကားများပင် ဖြစ်သော်လည်း လုပ်ငန်းအထွေထွေကြားမှ ဤဆောင်းပါးလေးကို တွေ့မြင်ဖတ်ရှုမိပြီး ကျောင်းဆရာဘ၀ကို ပိုမိုကျေနပ် ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သလျက် နိဂုံးချုပ်အပ်ပါသည်။

 ဆောင်းပါးရှင် - မြတ်မျိုးမြင့်မာန်

Thursday, August 22, 2013

ပေးဆပ်သူတို့ နှလုံးသား










ဆောင်းပါးရှင် ၊ မြတ်မျိုးမြင့်မာန်

တာချီလိတ်မြို့နယ်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာရေး၊ကျန်းမာရေး အခန်းကဏ္ဍတွေကို အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသဖြင့်  အလွန်တရာ ၀မ်းသာမှုများ
အခါခါဖြစ်ခဲ့ရသည်။ မဇ္ဈိမအသင်းတည်ထောင်သည်မှာ နှစ်ပိုင်းပင်ရှိလင့်ကစား မကူညီဖူးသည့်လုပ်ငန်း
မရှိသလောက်ပင် တွေ့ခဲ့ရသည်။တာချီလိတ်မြို့၏ အလင်းရောင် တစ်ခု အဖြစ် တင်စားမိခဲ့သည်။




ယနေ့ ၂၂.၈.၁၃ ရက်နေ့တွင် ကျွန်တော်သည် ပညာရေးဝန်ထမ်းအုပ်စုမှူးတစ်ယောက်ဖြစ်သည်နှင့်အညီ ပညာရေးတာဝန်ဖြင့်မြို့နယ်ပညာရေးမှူးရုံးသို့အုပ်စုတွင်းကျောင်းများမူကြိုဆိုင်ရာသင်တန်းတက်ရောက်ရေးနှင့်
 အခြားပညာရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် မြို့နယ်ရုံးသို့ရောက်ရှိခဲ့ပါသည်။ မြို့နယ်ပညာရေးအကြီးအကဲဖြစ်သူ
မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိန်ထွန်းလှ၏ ပြောကြားချက်အရ တာချီလိတ်ပညာရေးအတွက် အလင်းရောင်ကြီးတစ်ခုအား ထပ်မံတွေရှိခဲ့ပါသည်။

 ၁၃.၈.၁၃တွင်ကျင်းပသည့်ခရိုင်စီမံခန့်ခွဲရေးကော်မတီင်္၊မြို့နယ်စီမံခန့်ခွဲရေးကော်မတီ။မြို့နယ်စည်ပင်သာယာရေး
ကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
 မြို့နယ်ပညာရေးမှူးသည် မြို့နယ်ပညာရေး၏မိဘဖြစ်သည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဥက္ကဌအဖြစ် ဦးဆောင်သောမြို့နယ်စီမံခန့်ခွဲကော်မတီ၏ အဖွဲဝင်ဖြစ်သည့်အတွက် အဆိုပါအစည်းအဝေးတွင် ဟောင်လိတ်အထကကျောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကိုလည်းကောင်း၊ တာလော့မူလွန်ကျောင်းအနိမ့်ပိုင်းကျသဖြင့် မြေဖို့ရန်လိုအပ်နေကြောင်းကိုလည်းကောင်းတင်ပြခဲ့ကြောင်း
သိရပါသည်။

ထို့ပြင် ၄င်းအစည်းအဝေးမတိုင်ခင်ကလည်း မြို့နယ်ပညာရေးမှူး၏ မေတ္တာရပ်ခံချက်အရ အထကဆန်ဆိုင်းကျောင်း ရှေ့ အနိမ့်ပိုင်းကွင်းပြင်တစ်ခုလုံးမြေဖို့ရန်အတွက်စီးပွားရေးလုပ်ငန်းရှင်ဦးမြင့်ဦီး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များအသင်းက ကူညီပေးခဲ့ကြောင်းလည်းသိရှိရပါသည်။
မြို့နယ်ပညာရေးမှူး၏ကျွန်တော့်အားဖိတ်ခေါ်ချက်အရတာလော့မူလွန်တွင် မြေဖို့ခြင်းလုပ်ငန်းများကို ဖေါ်ပြပါ
အစည်းအဝေးတွင်ညှိနှိုင်းချက်များအရ တာချီလိတ်မြို့နယ်သတ္ထုလုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သောလုပ်ငန်းရှင်များက ဆောင်ရွက်နေခြင်းကိုသွားရောက်ကြည့်ရှုမှတ်တမ်းတင်ခွင့်ရရှိခဲ့ပါသည်။



ရောက်ရှိချိန်တွင် အံ့သြစရာကောင်းသောရှုခင်းအား စတင်တွေ့ခဲ့ရပါသည်။ တချိန်က ကျောင်းအကျယ်အ၀န်း၏ထက်ဝက်ခန်း ထောင့်ဖြတ်ဖြစ်နေသော ချိုင့်ကြီး လုံးဝမရှိတော့ပါ။
မြေတင်ကားကြီးများဆက်တိုက်သယ်ချဆောင်ရွက်ခြင်းဖြင့်လည်းကောင်၊ မြေညှိကားကြီးများဖြင့်
မြေညှိခြင်းဖြင့်လည်းကောင်းအားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့လိုက်ရပါသည်။
 ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကောင်ခမ်းကလှိုက်လှဲစွာကြိုဆိုပြီးလုပ်ငန်းများ ပြီးစီးမှုကို
 မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှထံ တင်ပြပါသည်။ဆရာဆရာမများမှာ ပျော်ရွှင်နေပြီး လာ
ရောက်ကူညီနေသူ များကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေကြပါသည်။

အထူးလေးစားစရာကောင်းသည်မှာသတ္ထုလုပ်ငန်းရှင်အသင်းဥက္ကဌဦးမြင့်ဦးမှာကိုယ်တိုင်
 ကျောင်းမှာပင်နေ့လည်စာသုံးဆောင်ပြီး အပင်ပန်းခံကာ ပညာရေးအတွက် ကူညီပေးနေခြင်းဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့်လည်းပညာရေးဌာနကိုယ်စား ကျေးဇူးအထူးတင်မိပါသည်။



 မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့်ကျွန်တော်တို့ ဦးမြင့်ဦးနှင့်ဆွေးနွေးချက်များအရ ယခုကူညီခြင်းလုပ်ငန်းများကို သတ္ထုလုပ်ငန်းရှင်များကလှိုက်လှဲစွာ ကူညီခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့ပြင် အထက-ဟောင်လိတ်၊ အလက-ပုန်းထွန်ကျောင်းများ
မြေဖို့ခြင်းလုပ်ငန်းများ ကိုလည်းဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ တာလော့ကျောင်းတွင်ယခုကဲ့သို့မြေဖို့ခြင်းဖြင့် အားကစားကွင်းနှင့် စုဝေးကွင်းခန့်ညားစွာပေါ်ထွက်လာမည်ဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံ
ပါက တွေ့ကြုံရသော အခက်အခဲကြီးများမှ ကင်းဝေးနိုင်တော့မည်ဖြစ်ပါသည်။



ထပ်မံကူညီမည့်ကျောင်းများမှာလည်းယင်းဘေးဒုက္ခများကင်းဝေးတော့မည်ဖြစ်ပါသည်။ယခုမြေဖို့ခြင်းလုပ်ငန်းမှာ
အပြောလွယ်သလောက်အလုပ်ခက်သည်ကိုကျွန်တော်တို့ပညာရေးဝန်ထမ်းများပြည်သူများသိပါသည်။ငွေကြေး
မြောက်မြားစွာကုန်ကျမှသာ ဖြစ်နိုင်မည်ကိုအားလုံးသိကြပါသည်။ ယင်းအခက်အခဲများကို ကူညီပေးသည့် အောင်မြင်နေသောစီးပွားရေးလုပ်ငန်းရှင် စေတနာရှင် သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များကို အထူးမှတ်တမ်းတင်မိပါသည်။ စေတနာ၏အကျိုး ပိုမိုခံစားကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည်။

ပေးဆပ်သူတို့၏ ဖြူစင်သောနှလုံးသားမှ စေတနာများကို ကျောင်းတည်ရှိရာဒေသခံကျောင်းသားကျောင်းသူများ
အားလုံးလည်း ခံစားရတော့မည်ဖြစ်ပါသည်။ နောက်နောင်များတွင်လည်း ယခုကဲ့သို့ ပညာရေးအတွက် ထာဝရအလင်းရောင်ကြီးများကို ရရှိရန်လည်းမျှော်လင့်မိပါသည်။ တာချီလိတ်သည် တစ်နေ့ထက်တစ်နေ့ ပညာအလင်းရောင်ထွန်းပြောင်စေရေးအတွက် ကူညီသူနေများကို ဂုဏ်ပြုမှတ်တမ်းတင်လျှက် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။


                                                                    







(၂၃.၉.၁၃) တွင်  အွန်လိုင်း ဆောင်းပါးအဖြစ်မှတ်တမ်းတင် တင်ပြပါသည်။

Monday, April 22, 2013

အဓိကသည် စိတ်ဓာတ် သို့မဟုတ် ခံယူချက်







ပထမအကြိမ်ဆောင်းပါးတွင် စာရေးသူအနေဖြင့် ကျောင်းအုပ်ကြီးများ၏ အခန်းကဏ္ဍ အရေးပါပုံအား မိမိကိုယ်တွေ့နှင့်ယှဉ်၍ အကျဉ်းတင်ပြခဲ့ခြင်းဖြစ်ပါသည်။ ယခုတစ်ကြိမ်တွင်မူ ကျောင်းအုပ်ကြီး၏ အုပ်ချုပ်မှုအောက်တွင်ရှိသော ဆရာဆရာမများ၏ အခန်းကဏ္ဍအား ဆက်လက်ဖော်ပြပါမည်။ ပညာရေးဌာမှခံယူရန်ဆောင်ပုဒ်တစ်ခုအဖြစ် စိတ်ဓာတ် ၊ စည်းကမ်း ၊ ပညာ ကို အတိအလင်း
ဖော်ပြပြီး ပုံဖော်လျှက်ရှိပါသည်။ ယင်းဆောင်ပုဒ်တွင် အစဉ်အလိုက်ဖေါ်ပြထားခြင်းမှာလည်း အင်မတန်သင့်လျော်ပါသည်။ သာမာန်လူသားတစ်ဦးပင် စည်းကမ်းမည်မျှကောင်းစေကာမူ၊ ပညာမည်မျှ ထူးချွန်စေကာမူ အရေးကြီးဆုံးစိတ်ဓာတ်အဆင့်အတန်း နိမ့်ကျပြီး မှန်ကန်သောခံယူချက်များကို သံမဏိနှလုံးသားဖြင့် ခိုင်မြဲစွာ ကျင့်သုံးခြင်းမရှိပါမူ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးအခြေအနေများကိုဖန်တီးပေးနိုင်မည့်သူဟုယုံကြည်စိတ်ချနိုင်မှုရှိမည်မဟုတ်ချေ။

ကျွန်တော်၏ကျောင်းတွင် အထွေထွေလုပ်သား (သိပ္ပံ ဘွဲ့ရ) အမျိုးသမီးတစ်ဦး တာဝန်ကျဖူးပါသည်။ ဘွဲ့ရပညာတတ်ဖြစ်ခြင်းနှင့်ပြည်နယ်အစွန်အဖျား ၀န်ထမ်းမလုံလောက်သည့်ကျောင်းဖြစ်သည်နှင့်အညီ သင်ကြားရေးတာဝန်ပေးအပ်ခဲ့ပါသည်။ မူလတန်းပြ၊အလယ်တန်းပြဆရာဆရာမများကြားတွင် မျက်နှာမငယ်အောင် အားပေးရင်း သင်ကြားရေး နှင့် တကွ ကျွန်တော့်ကျောင်း၏ စနစ်တကျစီမံခန့်ခွဲမှု အခြေအနေများကိုပါ လိုက်နာဆောင်ရွက်နိုင်ခဲ့ပါသည်။ သင်ကြားရေး ကောင်းမွန်မှုကိုတွေ့ခဲ့ရပြီးကလေးများအတွက် တာဝန်ပေးရကျိုးနပ်သည်ဟု
ဝမ်းသာခဲ့ရပါသည်။ အဆိုပါအထွေထွေလုပ်သား အမျိုးသမီးသည် ၄င်း၏ ပညာအရည်အချင်းအရ အဆိုပါကာလတွင် ဆွဲခန့် မူလတန်းပြဆရာမအဖြစ်ခန့်အပ်ခြင်းခံရပါသည်။ မူလတန်းပြလုပ်သက် ရရှိလာသောအခါ သူ၏လျှောက်ထားမှုအရ ပညာရေးဌာနမှမူလတန်းကျောင်းအုပ်အဖြစ် တာဝန်ပေးခံရပါသည်။ကျွန်တော် အုပ်စုမှူးအဖြစ် တာဝန်ထမ်းဆောင်သော အုပ်စု၏ ကားလမ်းဘေးမဟုတ်သော၊အတွင်းပိုင်းကျသည့် ဖွံ့ဖြိုးမှု လိုအပ်နေသေးသော တိုင်းရင်းသားကျေးရွာတစ်ရွာတွင်တာဝန်ကျပါသည်။

သူတာဝန်ကျသည့် ကျေးရွာမှ လူကြီးများသည်လည်းကောင်း၊ရွာသားများသည် လည်းကောင်း ကျွန်တော့်ထံ ၀င်ထွက်သွားလာ အကြံဥာဏ်တောင်းနေကြသူများဖြစ်ကြပါသည်။ သူစတင်တာဝန်ကျချိန်တွင်လည်း တပည့်ဟောင်းလည်း ဖြစ်ခဲ့ဖူးသည့်အတွက် အလုပ်အား စေတနာပါပါလုပ်ရန်နှင့် သင်တန်းများပါတက်ရောက်ပြီးသူဖြစ်သည့်အတွက် ကျောင်းအုပ်ကြီးကောင်းပီသရန် ဆုံးမခဲ့ပါသည်။ သို့သော်လည်း သူရောက်ရှိပြီးမကြာမီပင် ၄င်းကျေးရွာမှ ကျွန်တော့်ထံအကြိမ်ကြိမ် သူ၏ သတင်းဆိုးများကို ပြောကြားလာပါသည်။ ယခင်က တာဝန်ယူခဲ့သော ကျောင်းအုပ်ဆရာမကြီး၏ တစ်ဝက်ပင်မမီကြောင်း သူ့ကြောင့် ရွာလူကြီးများ၊ ရွာသားများ၊မိဘများ စိတ်ဓာတ်ကျနေကြကြောင်းတိုင်ကြားလာပါသည်။

ကျွန်တော့်အနေဖြင့်လည်း သူရောက်ရှိပြီး ကာလပိုင်းတွင် ရန်ကုန်တွင် unicef နှင့်ပညာရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် ဗဟိုအဆင့်သင်တန်းတစ်ခုတက်နေရသဖြင့်လည်းကောင်း ၊ပြန်လည်ပို့ချရာတွင် ပါဝင်နေ၍လည်းကောင်း သူတာဝန်ကျရာရွာသို့ မရောက်ရှိခဲ့သေးပါ။ ယခုကဲ့သို့ပြောကြားလာသဖြင့် ကျွန်တော် မနေသာသဖြင့် ၄င်းကျေးရွာသို့ရှောင်တခင် သွားရောက်၍ ကြီးကြပ်ခဲ့ပါသည်။

ဒေသခံရွာမှ ပြောသည်မှာ မမှားပါ။ မှန်လွန်းနေပြီး သူ၏ဆရာဖြစ်ခဲ့သော ကျွန်တော့်မှာ အံ့သြခဲ့ရပါသည်။ ကျောင်းစုဝေးပွဲမကျင်းပခြင်း၊ ခေါင်းလောင်း
ရှိပါလျက်မထိုးခြင်း၊ ကျောင်းဆင်းနိုင်ငံတော်သီချင်းမဆိုခြင်း၊ ကျောင်းတက်ချိန်ဆင်းချိန် မမှန်ခြင်း၊ ကလေးများအားစစ်ဆေးရာတွင် ဌာနမှလမ်းညွှန်ချက်
အတိုင်းမဟုတ်ဘဲ ဖြစ်သလို သင်ကြားနေခြင်း၊ ဌာနမှ လမ်းညွှန်ထားသည့်မှတ်တမ်းမှတ်ရာများ ဆောင်ရွက်ထားမှုမရှိခြင်း၊အဆုံးစွန်ကျောင်းတက်ကျောင်း
တက်ကျောင်းဆင်းလက်မှတ်ထိုးစာအုပ်၊ကျောင်းခေါ်ကြိမ် လုံးဝမရှိခြင်း စသည့်ကြီးမားသည့်အမှားပေါင်းများစွာကို ဆောင်ရွက်နေကြောင်းတွေ့ခဲ့ရသည်။
ကျောင်း၏ဥပဓိရုပ်ပိုင်းမှာလည်း ထိန်းသိမ်းမှုမရှိခြင်းအပြင် ၊စိမ်းလန်းစိုပြည်ရေးကို ယခင်အခြေအနေကိုပင် မထိန်းသိမ်းနိုင်ကြောင်းတွေ့ခဲ့ရသည်။
၎င်းအခြေအနေများ နောက်တစ်ကြိမ်တွင် မတွေ့မြင်လိုကြောင်း ၀န်ခံကတိပြုစေပြီး ထပ်မံတွေ့ရှိရပါက ဆက်လက်တင်ပြ၍ အရေးယူမည်ဖြစ်ကြောင်း
မှာကြားခဲ့ပါသည်။ ဆုံးမသည့်အခါတွင်မှ လိုက်နာဆောင်ရွက်သဖြင့် အခြေအနေများ ပြန်လည် ကောင်းမွန်လာခဲ့ပါသည်။

ကျောင်းကောင်းကောင်းတွင် စနစ်တကျ မျက်ဝါးထင်ထင် လေ့ကျင့်သင်ကြားခွင့်ရရှိခဲ့ပါသည်။သို့သော် အထက်တွင် ပြဆိုခဲ့သော စိတ်ဓာတ်မှာ
မှန်ကန်မှုရှိနေမှ သာ အရာရာအဆင်ပြေမည်ဖြစ်သည်။ မိမိ၏အကြီးအကဲကို လေးစား၍ဖြစ်စေ၊ကြောက်၍ဖြစ်စေ အလုပ်ကိုကြိုးစားခြင်းထက်
လက်ရှိမိမိလုပ်နေသောအလုပ်သည် မှန်ကန်ပြီး အမြဲလုပ်သင့်သည်ဟု သူ့အနေဖြင့်မမြင်ခဲ့၍ပင်ဖြစ်ပေမည်။ အရေးကြီးသော စိတ်ဓာတ်၊ ထိုစိတ်ဓာတ်
ထဲတွင် အတန်းတစ်တန်းကို ဦးဆောင်နေရသော လမ်းပြနေရသောဆရာစိတ်ဓာတ် မမှန်ကန်ခဲ့ပါမူ အနာဂတ်ကို ဦးဆောင်မည့် အတန်းတစ်တန်းစာ
ကလေးများ လမ်းမှားရောက်မှာစိုးရိမ်မိပါသည်။


ကျွန်တော့်ထက်လုပ်သက်ရင့်သော ၊ ပင်စင်ယူသွားပြီးဖြစ်ကြသော ပညာရေးဝန်ထမ်းဆရာကြီး၊ဆရာမကြီးများလည်းအကြိမ်ကြိမ်ရေးခဲ့ဖူးပါသည်။
နုနယ်သောကျောင်းသားကျောင်းသူလေးများသည် မိဘထက်ပင် ဆရာသမားကိုခင်တွယ်လေ့ရှိကြပြီး ဆရာ့ဟန်ပန်မူရာကိုပင် အတုခိုးတတ်ကြသည်။
ကျွန်တော့်အနေဖြင့် ကျောင်းဆရာပေါက်စဘ၀က ပုဆိုးဝတ်လျှင် အမျိုးမျိုးဝတ်တတ်သလို၊ ဆံပင်ကိုလည်း ပုံစံပေါင်းစုံ လုပ်တတ်သည်။ ယင်းကိုပင်
ကျောင်းသားများ ရအောင် အတုခိုးကြသည်။ ကျောင်းဆရာပေါက်စဘ၀က လွယ်အိတ်အမြဲလွယ်တတ်သည်။လွယ်လျှင်လည်း ပုံစံမျိုးစုံလွယ်တတ်သည်။
ကျောင်းသားများက ဆရာဒီနေ့ဒီလိုလွယ်လျှင် သူတို့လည်းဒီလိုလွယ်သည်။ ဟိုလိုလွယ်လျှင် သူတို့လည်းဟိုလိုလွယ်သည်။ဤမျှပင် ဆရာ့အပေါ်
အထင်ကြီးလေးစားစိတ်ရှိသော ဆရာသည် စိတ်ဓာတ်၊ခံယူချက်နည်းပါးလျှင် ကလေးများစွာအတွက် ရင်လေးမိပါသည်။ ထို့ကြောင့် ကြုံတိုင်းပင်ကျောင်းသို့ရောက်ရှိလာကြသည့် တပည့်အသစ် ဆရာဆရာမများအား တကယ့် ဥပမာများစွာဖြင့် အမြဲဆုံးမမိသည်။
 ဥယျာဉ်မှူးကောင်းတွေ ဖြစ်စေချင်သည့်အတွက်လည်း ဆုံးမခြင်းဖြစ်သည်။ တစ်နိုင်ငံလုံးက ဆရာဆရာမများကိုလည်း အဲ့ဒီလိုဖြစ်စေချင်သည်။
မည်သို့ပင်ဖြစ်စေချင်ကာမူ တကယ်တာဝန်ယူနေကြသော ဆရာဆရာမများ ကိုယ်တိုင်လက်ခံကျင့်သုံးမှသာအောင်မြင်မည် ဖြစ်ပါသည်။

ဤဆောင်းပါးတွင် နိဂုံးချုပ်တင်ပြလိုသည်မှာ ဆရာဆရာမများသည် မြတ်စွာဘုရားမိန့်ကြားဖူးသည်နှင့်အညီ ဆိတ်ကွယ်ရာမရှိဆိုသည်ကို နားလည်
လက်ခံပြီး မှန်ကန်သောခံယူချက်များဖြင့် မိမိအားချီးမြှင့်မည့် အကြီးအကဲ အနီးအနားတွင် မရှိစေကာမူ အများအကျိုး ဒေသအကျိုးအား သယ်ပိုးလိုသောစိတ်ဖြင့် ရောက်ရှိတာဝန်ထမ်းဆောင်သောနေရာတွင် ကိုယ့်ကျိုးစွန့်အနစ်နာခံပြီးဆောင်ရွက်စေလိုပါသည်။
ထို့ပြင်ကြီးကြပ်မှု စဉ်ဆက်မပြတ် ရှိခြင်းသည်လည်း  ပညာရေးဌာန၏ အရေးကြီးသောလုပ်ငန်းတာဝန်တစ်ခုဖြစ်ပါကြောင်း သုံးသပ်တင်ပြလျက် နိဂုံးချုပ်အပ်ပါသည်။

                                                            ဆောင်းပါးရှင် ။ မြတ်မျိုးမြင့်မာန်




Monday, April 15, 2013






ဒီဆောင်းပါးလေးနဲ့ အခြေခံပညာ (ပညာအခြေခံ) ဘလော့ကို စပြီး ဖွင့်လိုက်တယ်ဆိုရင်ဘဲ
ပညာရေးမှာ အစစအရာရာမှာ တာဝန်အကြီးဆုံးဖြစ်တဲ့ ကျောင်းအုပ်ကြီးများရဲ့ ကဏ္ဍနဲ့ ဖွင့်လိုက်ရတာဖြစ်တဲ့အတွက် မိမိတို့နဲ့ မသက်ဆိုင်ဘူးလို့ မထင်ပါနဲ့ ခင်ဗျား။ စာရေးသူ ကျွန်တော်ကိုယ်တိုင်က ကျောင်းအုပ်ကြီးဖြစ်တာကြောင့်ကော ခေါင်းဆောင်ကောင်းမှ နောက်လိုက်ကောင်းတယ်ဆိုတဲ့ ဆောင်ပုဒ်အရကော တာဝန်ရှိသူကို တာဝန်တွေပေးပြီင်္း ခံယူချက်ကို မြင့်အောင် တင်ပေးလိုက်တာပါ။ လူ့လောကမှာ လူနှစ်ယောက်ရှိရင် လူတစ်ယောက်
က ခေါင်းဆောင်မှ ဖြစ်မယ်လို့ ဆိုရိုးစကားလေးတွေလည်း ရှိခဲ့ဘူးသလို မှန်လည်းအမှန်ဘဲဖြစ်ပါတယ်။

ပြီးခဲ့တဲ့စာသင်နှစ်ကဖြစ်ပါတယ်။ ကျွန်တော်ရဲ့ကျောင်းမှာ ဆရာမတွေ ပြောင်းလာတာတွေ အလုပ်အသစ်ဝင်လာတာတွေ ရှိပါတယ်။ အဲ့ဒါနဲ့ပတ်သက်လို့ တင်ပြချင်တာပါ။ ကျွန်တော့်အနေနဲ့ကကျောင်းအုပ်ကြီးစဖြစ်ကတည်းက သူများကျောင်းအုပ်ကြီးများ လုပ်မလုပ်တော့ မသိဘူး။ ကျွန်တော်ကတော့ ကျွန်တော့်ကိုယ် ကျွန်တော်လည်း အမြဲဆန်းစစ်ပြီး တိုးတက်အောင် နေလေ့ရှိတဲ့အတွက် အဲ့ဒီ ဆရာမတွေကိုလည်း  ယခင့်ယခင် ဆရာဆရာမအသစ်ဝင်လာရင် ဆောင်ရွက်လေ့ရှိတဲ့အတိုင်း စစ်ဆေးခဲ့ပါတယ်။ သာမာန် နှုတ်မေးအနေနဲ့ကတော့ ပညာရေးမျိုးရိုးရှိမရှိ၊ ဖြတ်သန်းလာခဲ့တဲ့ အများအကျိုးပြုလုပ်ငန်းတွေမှာ ဆောင်ရွက်ခဲ့မှု၊ ပညာရည်ထူးချွန်မှုအခြေအနေ နဲ့ ဂုဏ်ပြုခံရမှု ဒါမှမဟုတ် ဂုဏ်ပြုမှတ်တမ်းလွှာရရှိမှု စတဲ့ စွမ်းဆောင်ရည်တွေပါဘဲ။ပြီးရင်သူတို့အတွက် သီးသန့် မှတ်တမ်းအဖြစ် အဲ့ဒါတွေကို ကျွန်တော့်ရဲ့ ကွန်ပျူတာထဲမှာ မှတ်တမ်းတင်ပါတယ်။နောက်အရေးကြီးဆုံးကတော့ အင်္ဂလိပ်နဲ့မြန်မာစာ စွမ်းရည်ဆိုင်ရာ ဖြေကြားစေခြင်းဖြစ်ပါတယ်။

မြန်မာစာကို အထူးအသေးစိတ်မေးမြန်းမှုသိပ်မလုပ်ပါဘူး။ စာစီစာကုံးလေးတစ်ပုဒ်ကို သူတို့စိတ်ကြိုက်
ရေးသားစေခြင်းဖြစ်ပါတယ်။ အင်္ဂလိပ်စာကိုတော့ ၀ါစင်္ဂရှစ်မျိုးနဲ့နမူနာစကားလုံးအနည်းငယ်ကို မေးပါတယ်။ပြီးတဲ့အခါ tenses ၁၂မျိုးကို သူတို့အဆင်ပြေတဲ့ sentences တွေနဲ့ရေးသားစေပါတယ်။ပြီးဝါကျပြောင်းတာလေးတွေ ဥပမာdirect/indirectပြောင်းတာမျိုးလေးတွေ မေးလေ့ရှိပါတယ်။ နောက်ဆုံးမှာတော့ သူတို့စိတ်ကြိုက်ခေါင်းစဉ်တစ်ခုနဲ့ essay တစ်ပုဒ်ကို အနည်းဆုံး စာ(၁၀)ကြောင်းရေးစေတာပါ။ အင်မတန်လွယ်တယ်လို့ တင်ပြလိုပါတယ်။ဘာဖြစ်လို့လဲ ဆိုတော့ ဒါတွေဟာ မူလတန်းဆင့်/ အလယ်တန်းဆင့်
 ကလေးတွေတောင် တကယ်တတ်မြောက်ရင် ရရှိနေပြီဖြစ်ပါတယ်။

အခုဆရာဆရာမတွေဆိုတာက အလုပ်ဝင်လာပြီဆိုကတည်းက အနည်းဆုံး (၁၀)တန်းအောင်ပြီးလို့ ပညာရေးကောလိပ်က ဒီပလိုမာပေးအပ်ခံရပြီးတဲ့ အဆင့်ရှိပါတယ်။ အခုနှစ် ကျောင်းကို အသစ်ဝင်တဲ့ဆရာမနှစ်ယောက်ကတော့ တစ်ယောက်က ဘွဲ့တစ်ခုရ ပြီး ပညာရေးကောလိပ်ကနေ ဒီပလိုမာဘွဲ့ထပ်ပေးလိုက်တဲ့သူပါ။ သူက မူလတန်းပြရာထူးနဲ့ အလုပ်ခုမှ ၀င်တာပါ။နောက်တစ်ယောက်ကတော့ ကျွန်တော်တို့မြို့နယ်နဲ့ ၄မြို့နယ်လောက်ခြားတဲ့ပြည်နယ်မြို့တော်ဖြစ်တဲ့ မြို့နယ်က အလယ်တန်းကျောင်းက ပြောင်းလာတဲ့  အလယ်တန်းပြလုပ်သက် (၆)နှစ်ရှိပြီး ဘွဲ့ကော၊ အလယ်တန်းဆရာဖြစ်သင်တန်းပါပြီးတဲ့ လုပ်သက်ရှိပြီးသာ အလယ်တန်းပြဆရာမပါ။

ဟုတ်ကဲ့ပါ။ ကျွန်တော့်အနေနဲ့ အဲ့ဒီ ဆရာမတွေကို ဆန်းစစ်တဲ့နည်းက အထက်ပါ အခြေခံလောက်ကလေးကို ဆန်းစစ်တာဘဲ ဖြစ်ပါတယ်။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းပါတယ်။
သူတို့မှာ ခုနကစစ်ဆေးတဲ့ အချက်တွေကို ဖြေဆိုနိုင်မှု ရမှတ် ၂၀ %တောင်မှ မရှိ တာကို တွေ့လိုက်ရပါတယ်။ တယောက်က ပြောင်းသွားတဲ့ အလယ်တန်းပြနေရာမှာ အလယ်တန်းကလေးတွေကိုသင်ကြားရေးတာဝန်အပ်ရမှာ ၊နောက်တစ်ယောက်က မြန်မာစကားကိုတောင် ကောင်းစွာပြောနိုင်အောင်လေ့ကျင့်ဆဲ  ကျောင်းက မူလတန်းအောက်ဆင့် ရှမ်းကလေးတွေကို အပ်ရမှာ။ ကျောင်းအုပ်ကြီးဘယ်လိုလုပ်မလဲ။ ကျောင်းအုပ်ကြီး ကိုယ်တိုင်ဘဲဝင်သင်ရမလား။ မြို့နယ်ပညာရေးအလုပ်အမှုဆောင်မှာကော၊ကျောင်းအုပ်စုမှူးတာဝန်ကော၊ မြို့နယ်ပညာရေးစီမံကိန်းစီမံခန့်ခွဲရေးကော်မတီမှာကော၊ မြိုနယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်မှာကော........ စတဲ့ အဖွဲ့တွေ အမျိုးမျိုးမှာပါပြီး ကျောင်းကိုလည်းတိုးတက်အောင် အုပ်ချုပ်သင်ကြားနေတဲ့ ကျောင်းအုပ်ကြီး ..ဘယ်လိုလုပ်မှာလဲ။

စဉ်းစားရပြီဖြစ်ပါတယ်။ မပူပါနဲ့။ ကျွန်တော့်ရဲ့ကျောင်းမှာ အဆင့်ဆင့်စီမံခန့်ခွဲမှု ရှိပါတယ်။ ကျန်တဲ့ဆရာဆရာမတွေမှာ အတန်းပိုင်ဆရာမဆိုတဲ့တာဝန်အပြင် ဘာသာရပ်ကျွမ်းကျင်မှု အလိုက် တာဝန်ပေးထားတဲ့သူတွေရှိပါတယ်။ ဘာသာရပ်ကြီးကြပ်ဖို့(  board of study )ဆိုတာလည်း ဖွဲ့စည်းဆောင်ရွက်နေတဲ့ကျောင်းဖြစ်ပါတယ်။ လက်ထောက်ဆရာမတွေထဲက စိတ်ဓာတ်အကောင်းဆုံး၊စည်းကမ်းအကောင်းဆုံး၊ပညာအခြေခံ အပါလာဆုံး ကြိုးစားတဲ့ဆရာမတစ်ဦးကို
ပညာရေးဌာန လမ်းညွှန်ချက်နဲ့အညီ တာဝန်ခံကျောင်းအုပ်(headmaster inchart) အဖြစ်တာဝန်ပေးထားတာ ရှိပါတယ်။ သူတို့ကို  ကဏ္ဍအလိုက် ဆရာမအသစ်တွေကို လေ့ကျင့်ပေးရတော့တာပါဘဲ။ ကျွန်တော်ကတော့ လက်ရှိဆရာမတွေရဲ့ ကြီးကြပ်မှုနဲ့ အညီ အခြေခံတွေပြန်ပါအောင် ၊ သေချာလိုက်နာသင်ကြားမှု ကြိုးစားမှု ရှိမရှိ စဉ်ဆက်မပြတ် အတန်းတွေထဲဝင်ရောက်စစ်ဆေးတာတွေ၊ ကျောင်းသားသူတွေကိုမေးမြန်းဆန်းစစ်တာတွေ
သူတို့ကို တိုက်ရိုက် မေးမြန်းစစ်ဆေးသင်ကြားပေးရတာတွေ စသဖြင့် နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ပေးရတော့တာပါဘဲ။ အဲ့ဒီဆရာမ၀န်ထမ်းအသစ်တွေ စနစ်တကျ မဟုတ်သေးသရွေ့ ကျောင်းအုပ်ကြီးကော ၊ကျန်တဲ့ဆရာဆရာမအားလုံး ပုံမှန်ထက် အဆများစွာကြိုးစားကြရပါတယ်။ လေ့ကျင့်ပေးကြရပါတယ်။

ဟုတ်ပါပြီ။ အခုအခြေအနေမျိုးကို အခုဆရာဆရာမတွေဘဲ ကြုံရသလား။ဆွေးနွေးချင်ပါတယ်။ရှေ့က လာတဲ့ဆရာဆရာမတွေလည်း ထိုနည်း ၄င်းဘဲ ဖြစ်တာများပါတယ်။မှတ်တမ်းတွေပြန်ကြည့်ရင် အရင်ဆရာဆရာမတွေထဲမှာလည်း ၄၀%လောက်ရှိတာ တစ်ယောက်လောက်ဘဲ တွေ့ခဲ့ဘူးတာပါ။ အချိန်အကြာကြီး သင်တန်းတွေ၊ဘွဲ့တွေအများကြီး ရရှိလာတဲ့  အဲ့ဒီဆရာဆရာမတွေဟာ ကျွန်တော့်ဆီရောက်စမှာ တော်တော်အခြေအနေဆိုးပြီး အခြေခံတွေတောင် ပါမလာတာကိုတွေ့ရပါတယ်။ ကျွန်တော်ဆီကို ရောက်တဲ့အခါ လေ့ကျင့်သင်ကြားပေးတဲ့အခါ  စီမံခန့်ခွဲရေးကော၊သင်ကြားရေးပါအတိုင်းအတာတစ်ခုအထိ တိုးတက်လာကြတာ
 တွေ့ရပါတယ်။ ခံယူနိုင်မှု ၊အခြေခံ အနည်းအများပေါ် မူတည်ပြီး တိုးတက်မှုကတော့ ကွာခြားမှုရှိပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် တတ်အောင်သင်နိုင်တဲ့ ဆရာဆရာမတွေ ဖြစ်လာတယ်လို့ဘဲ ခြုံငုံပြောပြချင်ပါတယ်။ ပညာရေးစိတ်ပညာနဲ့ သဘောတရားကိုလည်း ထိရောက်စွာ လက်တွေ့အသုံးချနိုင်လာတာလည်း ဖြစ်ပါတယ်။

ဒါကိုအဖြေရှာလိုက်ရင်တော့ သူတို့ဖြတ်သန်းလာတဲ့ ဘ၀ခရီးမှာ သူတို့ကို ဦးဆောင်တဲ့ ဆရာ၊မိဘတွေမှာ တာဝန်ရှိတယ်ဆိုတာ ငြင်းလို့မရပါဘူး။  ဒါပေမဲ့ တစ်ခုတော့ဝန်ခံပါတယ်။ ခွေးမြီးကောက် ကျည်တောက်စွပ်တော့ တစ်ချို့ပါပါတယ်။  သင်ကြားရေးနည်းစနစ်တော့ တိုးတက်ပြီး စိတ်ဓာတ်က မပြောင်းလဲတဲ့အတွက် ကျွန်တော့ကျောင်းကပြောင်းသွားတဲ့အခါ တချို့ဆရာမတွေ တစ်ဖက်ကျောင်းမှာတစ်ဖက်ကျောင်းရဲ့
ကျောင်းအုပ်ကြီး ပျော့ညံ့ခြင်းနဲ့ အတူ စည်းကမ်းပိုင်း မထိန်းနိုင်တဲ့ ဆရာဆရာမတစ်ချို့ ရှိပါတယ်။ စာသိပ်ရှည်နေရင်  စာဖတ်သူ ပျင်းသွားမှာစိုးတာမို့ ဒီနေ့တော့ဒီလောက်နဲ့နားတော့မှာပါ။
ဘယ်လိုဘဲဖြစ်ဖြစ် ကျောင်းအုပ်ကြီးအနေနဲ့ သေချာဦးဆောင်တဲ့အခါ ကျောင်းသားကျောင်းသူများရဲ့ တတ်မြောက်မှုအတွက် လွန်လွန်ကဲကဲ ထိခိုက်စေတဲ့ ပြဿနာတွေ နည်းသွားတာကို ထင်ထင်ရှားရှားတွေ့မြင်နေရပါတယ်။

ဒီနေရာမှာ ကျွန်တော်နိဂုံးချုပ် ပြောချင်တာက နိုင်ငံတော်အဆင့်ကို ထားလိုက်ပါ ။အဓိက နယ်မြေတစ်ခုကို လွှမ်းခြုံနိုင်တဲ့ ကျောင်းအုပ်ကြီး တစ်ယောက်ကောင်းရင် နယ်မြေတစ်ခုရဲ့ ပညာရေးအတိုင်းအတာတစ်ခုအထိ တိုးတက်ဖို့ ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။ ဒါလေးကို သိမြင်ပြီး မိမိတို့နဲ့ထိတွေ့ဆက်စပ်နေတဲ့ ၀န်းကျင်မှာ ကျောင်းအုပ်ကြီးတွေ တက်တက်ကြွကြွနဲ့ လုပ်ငန်းတာဝန်တွေကို ထမ်းဆောင်ကြရင် အားလုံးရဲ့ရင်သွေးတွေဖြစ်တဲ့ ကျောင်းသားကျောင်းသူ သားသမီးတွေ ပညာသင်ကြားရာမှာ အရေးပါတဲ့ အတိုင်းအတာတစ်ခုအဖြစ်
ထိရောက်အောင်မြင်နိုင်မှာဖြစ်တဲ့အတွက် ကျောင်းအုပ်ကြီးများ တက်တက်ကြွကြွ ဆောင်ရွက်အောင် နယ်မြေအတွင်းမှာနေထိုင်တဲ့သက်ဆိုင်တဲ့သူအားလုံးက ပူးပေါင်းဆောင်ရွက်ပေးခြင်းဟာ
ကျောင်းသားကျောင်းသူများအခြေခံပညာ ထိထိရောက်ရောက်ရရှိအောင်ဆောင်ရွက်သင့်တဲ့ကဏ္ဍတစ်ခု
ဖြစ်ကြောင်းလေးစားစွာရိုသေစွာ တင်ပြလိုက်ရပါတယ်။


                                                                   ဆောင်းပါးရှင်  ။     မြတ်မျိုးမြင့်မာန်


စာကြွင်း ။     အရေးကြီး ကျန်ရှိတဲ့ အကြောင်းတစ်ခုတော့တင်ပြပါ့မယ်။ အဲ့ဒါကတော့            လူကြီးမင်းများနဲ့    အတူနီးစပ်တဲ့ လွှမ်းခြုံနယ်မြေက
ကျောင်းအုပ်ကြီးအနေနဲ့ပင်ကိုယ်အနေနဲ့  စိတ်ဓာတ်ကောင်းဖို့၊ စည်းကမ်းကောင်းဖို့၊ ပညာကောင်းမှ
 ဖြစ်မယ်ဆိုတာကိုလည်း ထပ်ဆောင်းတင်ပြအပ်ပါတယ်။
 ဓာတ်ပုံလေးကတော့ကျွန်တော့်ရဲ့ကျောင်း(၂၀၀၆)လောက်ကပုံပါ။ကျောင်းကိုမြင်သာအောင်တင်ပြတာပါ။ ရွာတွင်းကကျောင်းအစုတ်လေးနဲ့ နေရာအနေအထားမကောင်းတာကြောင့် ရွာအ၀င်ကွင်းပြင်မှာ ဒီကျောင်းစတင်ဖြစ်ပေါ်လာအောင် ကြိုးစားခဲ့တာ ယခုအထိဖြစ်ပါတယ်။
၂၀၀၄-၂၀၀၅ ပညာသင်နှစ်မှာယခု ဓာတ်ပုံပါကျောင်းမှာ စတင်ပြီး ကလေးတွေကို ပညာသင်ကြားပေးခဲ့ပါတယ်။အခု ကျွန်တော့ရဲ့ကျောင်းက အရိပ်ရပင်များကြီးဟာ ကျောင်းဒုတိယထပ်အမြင့်ကိုရောက်ရှိနေပြီဖြစ်ပြီးပန်းအလှပင်များဟာလည်းနွေမိုးဆောင်းလှပနေပြီဖြစ်ပါတယ်။ 


                                                                                                                                         





Thursday, April 11, 2013

ဥယျောဇဉ်





  ရက်စွဲ။  ၂၀၁၃ ခု ၊ ဧပြီလ ၊ ၁၂ ရက် ။

ကျွန်တော့်ရဲ့ ပညာရေး ဆိုင်ရာဘလော့ကို ဖွင့်လှစ်ရတဲ့ရည်ရွယ်ချက်ကတော့
ရှုထောင့်ပေါင်းစုံ့ကနေ ပညာရေးကို ရှုမြင်သုံးသပ်ကြတဲ့အခါ 
 မျက်မမြင်  ပုဏ္ဏားခြောက်ယောက်ပုံပြင်ထဲက ဆင်ကို မမြင်မစမ်းနဲ့ကိုင်တွယ်
သုံးသပ်တာမျိုးတွေကိုကော အခုတင်ပြမယ့် ဥပမာမျိုးတွေပါ
ဖြစ်နေတာကိုတွေ့ရပါတယ်။

လုပ်ငန်းတစ်ခုလုပ်ဖို့အတွက် အရေးကြီးတဲ့စင်တစ်ခု တည်ဆောက်ဖို့
ဆွေးနွေးကြတဲ့အခါ  စင်အောက်က နားနေခန်း၊ကားထားဖို့နေရာ စတဲ့
 အကြောင်းအရာ လောက်ကို  တက်ရောက်တဲ့သူတွေက အသည်းအသန်
ဆွေးနွေးဆူညံနေကြပြီး တကယ့် အရေးကြီးတဲ့ နည်းပညာဆိုင်ရာနဲ့
လုပ်ရမယ့် စင်အပေါ်ပိုင်းကဏ္ဍတွေကို ရောက်တဲ့အခါမှာ
ဘာမှမဆွေးနွေးနိုင်ကြတဲ့ အခြေအနေမျိုးရောက်ကြရတာမျိုး ဖြစ်နေမှာ
 စိုးရိမ်လို့ပါ။

ပညာရေးဆိုတာ တကယ်ကတော့ အားလုံးနဲ့ သက်ဆိုင်တဲ့အရာ
 ဖြစ်ပါတယ်။  အဲ့ဒီအထဲမှာ အခြေခံပညာ ဆိုတာက
  ပိုပြီး ကျွန်တော်တို့အားလုံးနဲ့နီးစပ်ပါတယ်။

ဒါပေမယ့် အထက်က ကျွန်တော်တင်ပြခဲ့သလိုအများစု ဖြစ်နေတာကလဲ မလွဲပါဘူး။
အဲ့ဒါတွေကို ကျော်လွန်နိုင်ဖို့အခြေခံပညာ(ပညာအခြေခံ)က
ကျွန်တော့်ရဲ့ နှစ်နှစ်ဆယ်ကျော်ကာလဖြတ်ကျော်လာသမျှကို
အနာဂတ် မြန်မာ့ပညာရေးမှာ တစ်ထောင့် တစ်နေရာကနေ
ပံ့ပိုး ကူညီ မှတ်တမ်းတင် တင်ပြ နိုင်ဖို့အတွက်
 အခုဘလော့ကို ဖွင့်လှစ်လိုက်ပါတယ်။ရှုထောင့်အနေအထား
 မျိုးစုံကနေရေးသားသွားမှာ ဖြစ်ပါတယ်။

အားလုံး သာယာချမ်းမြေပြီး အောင်မြင်တိုးတက်တဲ
  မြန်မာ့အခြေခံပညာရေးကို ဖော်ဆောင်နိုင်သူတွေ
 ဖြစ်ကြပါစေလို့  ဆုတောင်း  မေတ္တာပို့သလိုက်ပါတယ်။ 


                                                                    
                                                                 လေးစားလျက်  -  မြတ်မျိုးမြင့်မာန်