Thursday, August 22, 2013

ပေးဆပ်သူတို့ နှလုံးသား










ဆောင်းပါးရှင် ၊ မြတ်မျိုးမြင့်မာန်

တာချီလိတ်မြို့နယ်တွင် မဇ္ဈိမ လူမှုကူညီရေးအသင်းက ပညာရေး၊ကျန်းမာရေး အခန်းကဏ္ဍတွေကို အဘက်ဘက်က ကူညီဆောင်ရွက်ပေးနေသည်ကို တွေ့ရသဖြင့်  အလွန်တရာ ၀မ်းသာမှုများ
အခါခါဖြစ်ခဲ့ရသည်။ မဇ္ဈိမအသင်းတည်ထောင်သည်မှာ နှစ်ပိုင်းပင်ရှိလင့်ကစား မကူညီဖူးသည့်လုပ်ငန်း
မရှိသလောက်ပင် တွေ့ခဲ့ရသည်။တာချီလိတ်မြို့၏ အလင်းရောင် တစ်ခု အဖြစ် တင်စားမိခဲ့သည်။




ယနေ့ ၂၂.၈.၁၃ ရက်နေ့တွင် ကျွန်တော်သည် ပညာရေးဝန်ထမ်းအုပ်စုမှူးတစ်ယောက်ဖြစ်သည်နှင့်အညီ ပညာရေးတာဝန်ဖြင့်မြို့နယ်ပညာရေးမှူးရုံးသို့အုပ်စုတွင်းကျောင်းများမူကြိုဆိုင်ရာသင်တန်းတက်ရောက်ရေးနှင့်
 အခြားပညာရေးလုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် မြို့နယ်ရုံးသို့ရောက်ရှိခဲ့ပါသည်။ မြို့နယ်ပညာရေးအကြီးအကဲဖြစ်သူ
မြို့နယ်ပညာရေးမှူး ဆရာကြီးဦးစိန်ထွန်းလှ၏ ပြောကြားချက်အရ တာချီလိတ်ပညာရေးအတွက် အလင်းရောင်ကြီးတစ်ခုအား ထပ်မံတွေရှိခဲ့ပါသည်။

 ၁၃.၈.၁၃တွင်ကျင်းပသည့်ခရိုင်စီမံခန့်ခွဲရေးကော်မတီင်္၊မြို့နယ်စီမံခန့်ခွဲရေးကော်မတီ။မြို့နယ်စည်ပင်သာယာရေး
ကော်မတီ၊မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုကော်မတီများ၏လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင်
 မြို့နယ်ပညာရေးမှူးသည် မြို့နယ်ပညာရေး၏မိဘဖြစ်သည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲထူး ဥက္ကဌအဖြစ် ဦးဆောင်သောမြို့နယ်စီမံခန့်ခွဲကော်မတီ၏ အဖွဲဝင်ဖြစ်သည့်အတွက် အဆိုပါအစည်းအဝေးတွင် ဟောင်လိတ်အထကကျောင်း ရေကြီးရေလျှံမှု ဖြစ်ပွားခြင်းကိုလည်းကောင်း၊ တာလော့မူလွန်ကျောင်းအနိမ့်ပိုင်းကျသဖြင့် မြေဖို့ရန်လိုအပ်နေကြောင်းကိုလည်းကောင်းတင်ပြခဲ့ကြောင်း
သိရပါသည်။

ထို့ပြင် ၄င်းအစည်းအဝေးမတိုင်ခင်ကလည်း မြို့နယ်ပညာရေးမှူး၏ မေတ္တာရပ်ခံချက်အရ အထကဆန်ဆိုင်းကျောင်း ရှေ့ အနိမ့်ပိုင်းကွင်းပြင်တစ်ခုလုံးမြေဖို့ရန်အတွက်စီးပွားရေးလုပ်ငန်းရှင်ဦးမြင့်ဦီး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များအသင်းက ကူညီပေးခဲ့ကြောင်းလည်းသိရှိရပါသည်။
မြို့နယ်ပညာရေးမှူး၏ကျွန်တော့်အားဖိတ်ခေါ်ချက်အရတာလော့မူလွန်တွင် မြေဖို့ခြင်းလုပ်ငန်းများကို ဖေါ်ပြပါ
အစည်းအဝေးတွင်ညှိနှိုင်းချက်များအရ တာချီလိတ်မြို့နယ်သတ္ထုလုပ်ငန်းရှင်များအသင်းက ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သောလုပ်ငန်းရှင်များက ဆောင်ရွက်နေခြင်းကိုသွားရောက်ကြည့်ရှုမှတ်တမ်းတင်ခွင့်ရရှိခဲ့ပါသည်။



ရောက်ရှိချိန်တွင် အံ့သြစရာကောင်းသောရှုခင်းအား စတင်တွေ့ခဲ့ရပါသည်။ တချိန်က ကျောင်းအကျယ်အ၀န်း၏ထက်ဝက်ခန်း ထောင့်ဖြတ်ဖြစ်နေသော ချိုင့်ကြီး လုံးဝမရှိတော့ပါ။
မြေတင်ကားကြီးများဆက်တိုက်သယ်ချဆောင်ရွက်ခြင်းဖြင့်လည်းကောင်၊ မြေညှိကားကြီးများဖြင့်
မြေညှိခြင်းဖြင့်လည်းကောင်းအားကြိုးမာန်တက်ဆောင်ရွက်နေသည်ကို တွေ့လိုက်ရပါသည်။
 ကျောင်းအုပ်ဆရာမကြီးဒေါ်နန်းကောင်ခမ်းကလှိုက်လှဲစွာကြိုဆိုပြီးလုပ်ငန်းများ ပြီးစီးမှုကို
 မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှထံ တင်ပြပါသည်။ဆရာဆရာမများမှာ ပျော်ရွှင်နေပြီး လာ
ရောက်ကူညီနေသူ များကို ဧည့်ဝတ်ကျေပွန်စွာ ဧည့်ခံနေကြပါသည်။

အထူးလေးစားစရာကောင်းသည်မှာသတ္ထုလုပ်ငန်းရှင်အသင်းဥက္ကဌဦးမြင့်ဦးမှာကိုယ်တိုင်
 ကျောင်းမှာပင်နေ့လည်စာသုံးဆောင်ပြီး အပင်ပန်းခံကာ ပညာရေးအတွက် ကူညီပေးနေခြင်းဖြစ်ပါသည်။
ကျွန်တော့်အနေဖြင့်လည်းပညာရေးဌာနကိုယ်စား ကျေးဇူးအထူးတင်မိပါသည်။



 မြို့နယ်ပညာရေးမှူးဦးစိန်ထွန်းလှနှင့်ကျွန်တော်တို့ ဦးမြင့်ဦးနှင့်ဆွေးနွေးချက်များအရ ယခုကူညီခြင်းလုပ်ငန်းများကို သတ္ထုလုပ်ငန်းရှင်များကလှိုက်လှဲစွာ ကူညီခြင်းဖြစ်ကြောင်းသိရှိရပါသည်။ထို့ပြင် အထက-ဟောင်လိတ်၊ အလက-ပုန်းထွန်ကျောင်းများ
မြေဖို့ခြင်းလုပ်ငန်းများ ကိုလည်းဆက်လက်ကူညီသွားမည်ဖြစ်ကြောင်းသိရှိရပါသည်။ တာလော့ကျောင်းတွင်ယခုကဲ့သို့မြေဖို့ခြင်းဖြင့် အားကစားကွင်းနှင့် စုဝေးကွင်းခန့်ညားစွာပေါ်ထွက်လာမည်ဖြစ်ပြီး နှစ်စဉ်ရေကြီးရေလျှံ
ပါက တွေ့ကြုံရသော အခက်အခဲကြီးများမှ ကင်းဝေးနိုင်တော့မည်ဖြစ်ပါသည်။



ထပ်မံကူညီမည့်ကျောင်းများမှာလည်းယင်းဘေးဒုက္ခများကင်းဝေးတော့မည်ဖြစ်ပါသည်။ယခုမြေဖို့ခြင်းလုပ်ငန်းမှာ
အပြောလွယ်သလောက်အလုပ်ခက်သည်ကိုကျွန်တော်တို့ပညာရေးဝန်ထမ်းများပြည်သူများသိပါသည်။ငွေကြေး
မြောက်မြားစွာကုန်ကျမှသာ ဖြစ်နိုင်မည်ကိုအားလုံးသိကြပါသည်။ ယင်းအခက်အခဲများကို ကူညီပေးသည့် အောင်မြင်နေသောစီးပွားရေးလုပ်ငန်းရှင် စေတနာရှင် သတ္ထုလုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးမြင့်ဦး ဦးဆောင်သော သတ္ထုလုပ်ငန်းရှင်များကို အထူးမှတ်တမ်းတင်မိပါသည်။ စေတနာ၏အကျိုး ပိုမိုခံစားကြပါစေဟု ဆုမွန်ကောင်းတောင်းပေးပါသည်။

ပေးဆပ်သူတို့၏ ဖြူစင်သောနှလုံးသားမှ စေတနာများကို ကျောင်းတည်ရှိရာဒေသခံကျောင်းသားကျောင်းသူများ
အားလုံးလည်း ခံစားရတော့မည်ဖြစ်ပါသည်။ နောက်နောင်များတွင်လည်း ယခုကဲ့သို့ ပညာရေးအတွက် ထာဝရအလင်းရောင်ကြီးများကို ရရှိရန်လည်းမျှော်လင့်မိပါသည်။ တာချီလိတ်သည် တစ်နေ့ထက်တစ်နေ့ ပညာအလင်းရောင်ထွန်းပြောင်စေရေးအတွက် ကူညီသူနေများကို ဂုဏ်ပြုမှတ်တမ်းတင်လျှက် ဤဆောင်းပါးကို နိဂုံးချုပ်လိုက်ရပါသည်။


                                                                    







(၂၃.၉.၁၃) တွင်  အွန်လိုင်း ဆောင်းပါးအဖြစ်မှတ်တမ်းတင် တင်ပြပါသည်။